နားကြားကိရိယာများ အကြောင်း သိထားသင့်သမျှ
နားကြားကိရိယာအားလုံးမှာ ပတ်ဝန်းကျင် အသံတွေကို သယ်ဆောင်ပေးပြီး ကျယ်ကျယ်ကြားရအောင် လုပ်ပေးနိုင်တဲ့ အခြေခံအစိတ်အပိုင်းတွေ ပါရှိပါတယ်။ အများစုဟာ ဒစ်ဂျစ်တယ်လ်စနစ်နဲ့ အလုပ်လုပ်ပြီး ဘတ်ထရီနဲ့ အသုံးပြုရပါတယ်။
ပတ်ဝန်းကျင်မှ အသံတွေကို စုယူဖို့ မိုက်ငယ်လေး (Microphone) ပါရှိတယ်။ ကွန်ပြူတာစနစ်နဲ့ ထိုအသံတွေကို ချဲ့(Amplifier)၊ အကြားစွမ်းရည်ဆုံးရုံးမှုအလိုက် နားထောင်လို့ရမည့် အနေအထားကို ညှိယူလို့ရအောင် (Volume Control) ဖန်တီးထားပါတယ်။ ဒီဆန်းစစ်ပြုပြင်ယူထားတဲ့ အချက်ပေးစနစ်မှသည် အသံလှိုင်းများအသွင်နဲ့ မိမိတို့ နားဆီသို့ Speaker/Receiverမှတစ်ဆင့် အသံကြားစေပါတယ်။
နားကြားကိရိယာ အမျိုးအစားများ
၁) Completely-in-the-canal(CIC)
အသေးဆုံး၊ နားအခေါင်းဝမှာထည့်ရတဲ့အတွက် တပ်ထားရင် သိပ်မသိသာဘူး။ သေးလွန်း၍ ကိုင်ရတာ အခက်တွေ့နိုင်ပါတယ်။ လေတိုးသံကဲ့သို့ ပျော့ပျောင်းလွန်းတဲ့ အသံကိုတော့ ဖမ်းယူဖို့ ခက်ပါတယ်။ အသံလှိုင်းအဖြစ်ပြောင်းပေးတဲ့ Receiver ကိုတော့ နာဖာချေးပိတ်တာမျိုး ဖြစ်နိုင်ပါတယ်။
၂) In-the-canal(ITC)
ဒီအမျိုးအစားလည်း အရွယ်သေးပါတယ်။ တပ်လိုက်ရင် နားအခေါင်းထဲမှာ အချို့တစ်ဝက် ရှိနေပါမယ်။ CIC ကဲ့သို့ နာဖာချေးပိတ်တတ်ပါတယ်။
၃) In-the-ear (ITE)
နားဝမှာ တပ်ဆင်ရသော၊ ပိုကြီးသော အမျိုးအစားဖြစ်ပါတယ်။ အပေါ်အမျိုးအစား နှစ်ခုနဲ့ယှဥ်လျှင် နူးညံသောအသံတွေကို ပိုဖမ်းယူနိုင်ပါတယ်။
၄) Behind-the-ear (BTE)
နားအပေါ်ထိပ်မှာ ချိတ်ပုံစံမျိုးနဲ့ တပ်ဆင်ရပြီး အသံဖမ်းယူမည့်အပိုင်းသည် နားနောက်မှာ ရှိပါမယ်။ နားဝထဲမှာတော့ နားကြပ် (Earpiece) ကို ထည့်ရမှာဖြစ်ပါတယ်။ ထိုအပိုင်းနှစ်ပိုင်းကို ပြွန်သေးသေးလေးနဲ့ဆက်ထားပါတယ်။ သီချင်းနားထောင်သော ကြိုးနားကြပ်များနဲ့ သဘောတရားဆင်ပါတယ်။ လေတိုးသံကို ပိုဖမ်းယူနိုင်တယ်။ အသံချဲ့အား ပိုကောင်းပါတယ်။
၅) Receiver-in-canal OR Receiver-in-ear
BTE နဲ့ဆင်တူပါတယ်။ နားနောက်ဖက်မှာ ပေါ်နေမယ့် အသံဖမ်းတဲ့ အစိတ်အပိုင်းက BTE ထက်စာရင် သေးပါတယ်။
၆) Open fit
ဒီအမျိုးအစားကတော့ နားအခေါင်းထဲထည့်ရတဲ့ Receiver အပိုင်းကို သေးထားတဲ့အတွက် နားဝမှာဆို့ထားသလို ဖြစ်မနေတော့ဘူး။ နားပေါက်ကို ဖွင့်ထားတဲ့ပုံစံမျိုး။ ကြိမ်နှုန်းနိမ့်တဲ့အသံတွေကို သဘာဝဆန်ဆန် ကြားစေပါတယ်။ နားထဲထည့်တဲ့အခါ အခက်တွေ့နိုင်ပါတယ်။
ကိုယ်နဲ့ကိုက်ညီတဲ့ နားကြားကိရိယာနဲ့ အသားကျဖို့ အချိန်ယူရပါတယ်။ မိမိရဲ့ ကိုယ်ပိုင်အသံသည်ပင် နားကြားကိရိယာနဲ့ဆိုလျှင် ပြောင်းလဲသွားတတ်ပါတယ်။
လိုအပ်လာလို့ နားကြားကိရိယာ စတင်အသုံးပြုရတော့မယ်ဆိုရင် ဒီအချက်လေးတွေ စိတ်ထဲ ရှိထားပေးပါ။
- နားကြားကိရိယာသည် နဂိုမူလအကြားအာရုံနဲ့ ကွဲပြားနိုင်ပါတယ်။
- အသားကျဖို့ အချိန်ယူရပါမယ်။
- ကိရိယာကို အသုံးပြုကာ မတူညီသော ပတ်ဝန်းကျင်မှ အသံများကို ပြန်လည်မှတ်သား လေ့ကျင့်ရပါမယ်။
- စိတ်ဓာတ်မကျပါနဲ့။ အကူအညီတောင်းပါ။ အပြုသဘောဆောင်သော အတွေးများတွေးပါ။
- နားအထူးကုဆရာဝန်နှင့် မကြာမကြာ ရက်ချိန်းပြသပါ။
ရေးသားသူ - ဒေါက်တာ မေမြတ်